ကြည့်ကြ..။ဟောဒါ... ငါ့ရဲ့ ချစ်လှစွာသော သေချင်းဆိုးမလေး ဖြစ်ပေရဲ့။
ဘဝကို…
ပေါ့ပေါ့ပါးပါးလေး ခံယူလိုက်ပုံများ ….
မြင်လား သူမ တစ်ကိုယ်လုံးတောင်မှ
ပါးပြီး ပေါ့နေတဲ့ပုံ။
(အဲဒီ သေချင်းဆိုးမလေးက)
မျှော်လင့်ချက်ဆိုတာကိုလည်း အယုံအကြည် မရှိပေဘူး။
နောက်ပြီး… သူမက
အရူးနဲ့ နတ်ဘုရားကိုလည်း
အတူတူလို့ သဘောထားတတ်သေး.…..။
အဲဒီသေချင်းဆိုးမလေးပေါ့
ဘဝဟာ…
ဝမ်းနှုတ်ဆေး တစ်ခွက်လောက်တောင်မှ
အာမခံချက် မပေးနိုင်ဘူးလို့ ယူဆ၊
(အဲဒီ သူမက)
လမ်းမှာခဏခဏပြုံးပြတတ်သူကိုလည်း
အာရုံကြောရောဂါ ရနေတယ် လို့ လှောင်တတ်သူ…...။
အဲဒီသေချင်းဆိုးမလေးပေါ့
လောကကြီးရဲ့ အယုအယခံဖို့ရာ
နေရာတစ်နေရာ ရှာရမှာကို ရှက်တယ်။
ကြယ်သရဖူတွေတောင်
ခြေမနဲ့ညှပ်ပီး ကောက်ဆောင်းဖို့ကို
ပျင်းရိတတ်သူ……။
အဲဒီသေချင်းဆိုးမလေးပေါ့
ဈေးပေါပေါ ဆက်ဆံမှုတွေကို ရွံ့ရှာ
မင်္ဂလာ နံနက်ပါ လို့ နှုတ်ဆက်ခံရတာကို မုန်း။
ကိုယ့်မျက်လုံး ကိုယ် တံခါးပိတ်ပြီး
နေပြင့်တဲ့အထိ အိပ်တတ်သူ…....။
အဲဒီ သေချင်းဆိုးမလေးပေါ့
တစ်နေ့ တစ်နေ့ ၂၄ နာရီပြည့်အောင် စောင့်ရတာကို စက်ဆုပ်
ထမင်းနှစ်ခါတောင် စားရတာကို
အလုပ်ရှုပ်တယ်လို့ ထင်တဲ့သူ…….။
အဲဒီ သေချင်းဆိုးမလေးပေါ့
သူမရဲ့ အင်္ကျီလက်ရှည်အဖျားတွေကိုတောင်
အောင်အောင်မြင်မြင် မခေါက်တင်တတ်
ကြောင်ကလေးတစ်ကောင်ကို အဝတ်ပတ်သလို
ဖိုသီဖတ်သီ နေထိုင်
( သူမကိုယ်တိုင်က.. )
ဘဝကို ကြယ်သီးအပြည့်တပ်ပြီး ၀တ်ဆင်ရမှာ
ကျဉ်းကျပ်တယ်လို့ ထင်တဲ့သူ…….
သူမရဲ့ဘဝမှာ...
အချစ် ဆိုတာ ဘယ်ရှိနိုင်မလဲ !!
မြို့ထဲက ပလက်ဖောင်းတွေပေါ်မှာ
လမ်းလျှောက်တဲ့ အခါမျိုးတောင်မှ
မျက်နှာချင်းဆိုင်က လာတဲ့သူတွေကိုရှောင်.. ရှောင် ပေးရတာ
(သူမဘက်က) လိုအပ်တာထက် ပိုကျဆုံး
အတ္တတွေ ဘုန်းနိမ့်ကုန်ပြီလို့ ထင်တဲ့မိန်းမ...
မျက်နှာပေါ် ဆံပင်တွေ ဝဲကျ
အဲဒီ ဖရိုဖရဲမလေးပေါ့...
(သူမက ခေါင်းဖြီးရတာကို အလုပ်ပိုလို့ ထင်တယ်)
“ကမ္ဘာမြေ ဆွဲငင်အားရှိမှတော့
ဆံပင်တွေ အောက်ကိုကျနေတာ
ဘာ မကျေနပ်စရာရှိသလဲ” လို့လည်းမေးရဲ့။
အဲဒီ သေချင်းဆိုးမလေးပေါ့ !!!
"နစ်ရှေး" ရဲ့အတွေးအခေါ်ကျမ်းကို ဆွဲဆုတ်
ပလက်ဖောင်းပေါ်က ဖုန်တွေကို
အဲဒီ စက္ကူနဲ့သုတ်ပြီး ထိုင်တဲ့သူ ...။
"ကျွန်မက ...
ဘယ်သူ့ကိုလက်ဆွဲ နှုတ်ဆက်ရမှာလဲ ?
ဒါမှမဟုတ် ... ဘယ်သူ့ကို အမြီးနှံ့ပြရမှာလဲ ? ... " တဲ့၊ ကဲ !!!
အဲဒီ သေချင်းဆိုးမလေးပေါ့ ...
သူမ က စိတ်အလိုမကျရင်လည်း
"ဆဲ" တက်သေးတယ် ...။
အဲဒီ သေချင်းဆိုးမလေးပေါ့ ...
စိတ်ကူးနဲ့ လွမ်းရတာက
တစ်ကမ္ဘာလုံးကို ထမ်းထားရတာထက်
... ပိုလေးတယ်လို့ ယူဆ၊
တစ်စုံတစ်ယောက်ကို သတိရဖို့
ဘယ်တုန်းကမှ မတက်ကြွခဲ့သူ။
အဲဒီ သေချင်းဆိုးမလေးပေါ့ ...
“သိမ်းဆည်းစရာတွေ များလွန်းနေတဲ့ ဘဝမှာ
ကျွန်မက ... ကိုယ့်ကို ကိုယ်တောင်
သိမ်းမထားချင်တဲ့ ကောင် ...” လို့ပြောခဲ့၊
တကယ့် သေချင်းဆိုးမလေးပေါ့ ...
ဟောဒီမှာ မလှုပ်မယှက်ခေါက်ခွေ
အဲသည်လို နေရုံသက်သက်ကလေး နေ နေလိုက်ပုံက
ဘဝကို အဝတ်ရုပ်တစ်ရုပ်လို ယူဆ
တစ်စုံတစ်ဦးက သူမကို ပစ်ချခဲ့တဲ့ အတိုင်းပါပဲ ...။
သူမက လောကကြီးကို ခါးပြီး
အဲဒီ ခါးသီးတဲ့ အရသာကပဲ
သူမကို ပြန်ခါးတယ် ...
နားလည်ပေးလိုက်ပါ ... လောကကြီးရေ ...
"ဘာများ အရေးကြီးလို့လဲ" ဆိုတဲ့ လှောင်ကြည့်နဲ့
ခင်ဗျားကို ရိသဲ့သဲ့ ပြုံးပြနေတဲ့မိန်းမ ...
သူမကတော့ မတောင်းပန်တတ်တာ သေချာတယ်။
နားသာလည်ပေးလိုက်ပါ ... လောကကြီးရေ ...။
ဒါမှမဟုတ် ... သူမကို ခွင့်လွှတ်ပါ ...
လောကကြီးရေ ...
ဒါမှမဟုတ် ... သူမကို ဦးညွတ်ဂုဏ်ပြုပါ ...
ဒါမှမဟုတ် ... သူမကို တစ်ခုခု ပြစ်ဒဏ်ခတ်ပါ ...
ဒါမှမဟုတ် ...
လောကကြီးရေ ... အဲဒီ သေချင်းဆိုးမကို
ပစ်သာချထားလိုက်ပါ ...
“သူမ” ပေါ့ ...
... ... ...
နတ်ဆိုးတစ်ပါးလည်း ဖြစ်၊
ကောင်းကင်တမန်လည်း ဖြစ်၊
(အဲဒီသေချင်းဆိုးမလေး ကိုမှ)
ငါက ...
လည်ပင်းညှစ်သတ်ချင်လောက်အောင်
ချစ်နေမိခဲ့တာပေါ့ကွယ် ...။
မင်းခိုက်စိုးစံ






0 comments:
Post a Comment