ကဗျာဖတ်သူမှ ပေးရန်
သမီး အိပ်မက်လှေကလေးကို သူတို့ဖျက်ဆီးပစ်လို့
အဲဒီ့မြစ်ကို သမီး ပြန်ခမ်းခြောက်ပစ်လိုက်တာ မေမေ ။
နောက် . . . သူ
သမီး မျက်ရည်တွေနဲ့ ငိုတယ် ။
ဘဝဆုံးတယ် ဆိုတာ
သဂြိုင်္လ်စရာတော့ မလိုဘူးပေါ့ ။
သူတို့က အမှန်တရားကို ဝှက်ထားပြီး
ပျော်ရွှင်မှုကို စားသုံးတယ် ။
သမီး တစ်ပွဲလုံး
ဆွဲလှန် ပစ်ခဲ့တယ် ။
သမီး အိပ်မပျော်တုန်း
သူတို့ သမီးအကြောင်း အိပ်မက်ကြတာ မကြိုက်ဘူးမေမေ ။
သမီး ဒဏ်ရာအစစ်ကို
ဟန်ဆောင်သနားကြတာကိုလည်း မုန်းတယ် ။
အဆိုးဆုံးက .. သမီး နှလုံးသားနဲ့
သူ ဆက်ရင်မခုန်ရဘူး မေမေ ။
အချုပ်ခန်းထဲကို လက်ဖက်ထုတ်လေး လာလာကမ်းတာ
အကြင်နာ ဟုတ်လားဟင် မေမေ ?
စိတ်ကို သတ်တဲ့သူတွေအတွက်
ဘာဥပဒေမှ မရှိဘူးလား ?
သမီးက ပစ် သတ် လိုက် တာ ပါ ။
လဲကျသွားတာလဲ သမီးပဲ မေမေ ။
သူဖုန်းပိတ်ပစ်လိုက်တုန်းက
ဆိုတာတော့ မှတ်မိတယ် ။
ဖြောင့်ချက်ပေးဖို့သက်သက်တော့
အသေးစိတ် မှတ်မထားလိုက်မိဘူး ။
ဇာတ်ပို့တစ်ယောက်လို
သူတို့ကို တစ်ကားလုံး အကဲခတ်နေခဲ့တာပါ ။
သမီးအခန်းရောက်ပြီထင်လို့ ၀င်ကလိုက်မိတာ ။
အဲဒီ့မှာ ဇာတ်လမ်းက ပြီးသွားရောတဲ့ ။
သူတို့တော့ ဖက်ငိုကြသေးတယ် ထင်တယ် ။
သမီးက အိမ်ပြန်ပြီး ကဗျာရေးတယ် မေမေ ။
နောက်နေ့ စူပါမန်းကားကြည့်တော့ ငိုလိုက်ရတာ မေမေရယ် ။
သမီး တောင်ပံတွေ ပြန်ထုတ်ပြီး ဝေးဝေးပျံဖို့တော့ သတိရသွားတာပေါ့ ။
စိတ်ငြိမ်ဆေးရောင်စုံတွေက
စိတ်မငြိမ်သက်စရာ ကောင်းလိုက်တာ ။
အိပ်ပစ်ရအောင်တော့
ဘယ်အရာကို မှ စိတ်မချနိုင်သေးဘူး ။
သတ္တိရှိရတာ
သိပ် ကြောက် စ ရာ ကောင်း တယ် မေမေ ။
သမီး အိုင်ကျူကလဲ
ခုံဖိနပ်လောက်တောင် မမြင့်ဘူး ထင်ပါရဲ့ ။
အနုပညာပါ ဆို နေ မှ အတတ်ပညာလို့ လာလာပြောရင်
သမီး သိသမျှတွေ မေ့ပစ် လိုက်မှာနော် ။
ကိုးရီးယားကားတွေကသာ သမီးကို ပြန်ကြည့်မယ်ဆိုရင်
သမီး ကြော်ငြာတွေ ပြန်မထိုးပါဘူး ။
သမီး အချစ်က ရှေးရိုးမဆန်တော့
သားနားမလည်မှာလည်း တစ်ခါတစ်လေ စိုးတယ် ။
တစ်ကယ်တမ်းက အမေ့သမီး ရှုံးပြန်ပြီ ဆိုတာကို
လှည့်ပတ်ပြောနေတာပါ ။
သစ်ပင်တွေရှိရာ ခဏ သွားပါရစေ မေမေ ။
သူတို့တွေ စိမ်းလန်းနေတာ သမီးဖို့ ဖြစ်မယ် ။
အစတုန်းက ပြောထားတဲ့ မြစ်ကိုပဲ
ပြန် ဖြတ် ရ မယ် ။
လှေကလေးကတော့
မရှိကို မရှိခဲ့ ဖူးတာပါ ။
လူတွေက အကြာင်းပြချက်တွေပဲ ရှာတယ်လေ ။
စိတ်ငြိမ်ဆေးတွေ သူတို့ကို ပေးလိုက်ပါ မေမေ ။
အိပ်မပျော်တဲ့ အခါ
အိပ်မက်ဆိုးတွေ မမက်တော့တဲ့ အကြောင်းနဲ့
အိပ်မက်လှလှတွေကို
ငမ်းငမ်းတက် အိပ်မက်စရာ မလိုတော့ကြောင်း
ထပ်လောင်း
နှစ်သိမ့်လိုက်ပါဦး ။
နွားနို့တွေကို ဖန်ဆင်းပေးခဲ့လို့
ဘုရားသခင်နဲ့ နွားမတစ်ချို့ကို ကျေးဇူးတင်ကြောင်း ပြောပေးပါ မေမေ ။
မြက်ခင်းတွေကိုတော့
သမီးကိုယ်တိုင်ပဲ ပြောလိုက်ပါ့မယ် ။
အိပ်တော့ မေမေ ။
အိပ်ဖို့လိုအပ်တယ်လို့ ယုံကြည်တယ်ဆိုရင် ....
ဒါမှမဟုတ်
ရိုးရိုးသားသား အိပ်ချင်တယ်ဆိုရင် ။
ဘာမှ မတွေးနဲ့လို့ပြောတဲ့ ဆရာဝန်
ဘာတွေ တွေးနေပါလိမ့် ?
သူ နွားနို့သောက်ရရဲ့လား ?
ကဗျာ ဖတ်ဖူးသလား ?
ညမွှေးပန်းတွေ ရနံ့ဘယ်အချိန် သိမ်းသလဲ သိလား ?
တော်ပြီ မေမေ ။
သမီး သူ့အကြောင်း မတွေးချင်ဘူး ။
တစ်ကယ်တမ်းက
ငိုချလိုက်လေ လို့ သူသမီးကို ခွင့်ပြုလိုက်ရမှာ ။
ဘွဲ့တစ်ဘွဲ့လောက်နဲ့ ယောင်္ကျားတစ်ယောက်လောက် ထပ်ယူလိုက်ရင်
ဘ၀က လူတန်းစေ့မလား မေမေ ?
စာအုပ်ထူထူ တစ်အုပ်ကိုင်ပြီး
လ္ဘရည်ဆိုင် သွားထိုင်ရင် ရပြီလား ?
" ဂုဏ်သိက္ခာကို ငွေကြေးနဲ့ မလဲဘူး "
" အသက်ကို အရှက်နဲ့ လဲမယ် " ဆိုတဲ့ အလဲအထပ်သမားတွေကို
ကျပ်မပြည့်ဘူးလို့
သမီးထင်တယ် ။
လူဆိုတာ သူများ နားမလည်တာတွေ ပြောလို့ ရပေမယ့်
ကိုယ်တိုင် နားမလည်တာတွေ မပြောရဘူး ။
အဲဒီလို ရင်ခုန်သံ ပုတ်စော်နံနေတဲ့ သူတွေ
သမီး ကဗျာကို မဖတ်ရဘူး ။
အဲဒါ သိပ်အရေးကြီးတယ် ။
သိပ်အရေးကြီးတယ် မေမေ ။
သူများ အတွေးအခေါ်နဲ့ ရူးတာမျိုး
ဘယ်လို နည်းနဲ့မှ ခွင့်မလွှတ်နိုင်ဘူး ။
ကမ္ဘာကြီးလိုပဲ အားလုံးကို မသိချင်ယောင်ဆောင်ပြီး
သမီး စိတ်ရှိလက်ရှိသာ လည်နေလိုက်ချင်တော့တယ် ။
ပြည်သူတွေအတွက် ကိုယ့်ဘ၀ကိုယ် စတေးသွားတဲ့သူတွေထဲမှာ
ဟောဟိုက လက်ပံပွင့်ကြွေတွေနဲ့ သမီးလဲ ပါပါတယ် ။
သမီး
ဆေးသောက်တော့မယ် မေမေ ။
Saw Nandar Khaing







0 comments:
Post a Comment