Pages

Wednesday, July 3, 2013

နိုင်ငံတော်အလံ




မယ်ပိုးတို့ငယ်ငယ်တုန်းက မှတ်မိသလောက်တော့ နိုင်ငံတော်အလံအကြောင်းကို ဒုတိယတန်း မြန်မာဖတ်စာမှာ သင်ရပါတယ်..

အနီရောင်က ရဲရင့်ပြတ်သား.. အပြာရောင်က တည်ကြည်အေးချမ်း.. အဖြူရောင်က သန့်ရှင်းကြည်လင်..

နိုင်ငံတော်ချစ်စိတ် ဘာညာကွိကွထိ ကြီးကျယ်ပြဖို့လောက်ထိတော့ နားမလည်ခဲ့ပေမယ့် အရောင်တွေအကြောင်း သင်ရင်း အရောင်တွေရဲ့ ဖွင့်ဆိုချက်ကို ကလေးပီပီ အထင်တွေ ကြီးမဆုံးအောင် ဖြစ်ပြီး ကိုယ့်နိုင်ငံတော်အလံကို သဘောတွေကျခဲ့ဖူးတယ်..

အဲဒီနောက်တော့ မယ်ပိုးဆယ်တန်းလောက်လည်းရောက်ရော.. အလံ ပြောင်းမယ်လို့လည်း သတင်းသေချာမကြားမိလိုက်ဘဲ သတိထားမိတဲ့အချိန်မှာ အလံက ဗြုန်းစားကြီး ယတြာချေလိုက်သလို ပြောင်းပြီးနေတာကို တအံ့တသြသိလိုက်ရပါတယ်..

အလံကြီး ဒီဇိုင်းပြောင်းသွားပုံကို မြင်တော့.. ဘာမဆိုင် ညာမဆိုင်.. မူလတန်း ကျောင်းသူဘဝကို သွားသတိရတယ်.. အဲဒါကလည်း ဒုတိယတန်း ဖတ်စာကြောင့်တော့ မဟုတ်ပါဘူး.. ကိုယ့်အကြောင်းနဲ့ ကိုယ်ပါ..

ဂျစ်ကန်ကန်၊ ပေကပ်ကပ် ညာဉ်ဆိုးရှိတဲ့ ကျောင်းသူပီပီ.. ရေးလက်စ စာအုပ်က ဆက်မရေးချင်တော့အောင်.. မင်နီရာ ဖရိုဖရဲနဲ့ အပေါက်အပြဲ များလာတဲ့အခါ စာအုပ်အစုတ်ကို ကိုယ့်ဘာသာစိတ်ပျက်လာမိတိုင်း လူကြားကောင်းအောင် စိတ်သစ်လူသစ်နဲ့ စာလုပ်တော့မဟေ့လို့ ကြွေးကျော်ရင်း ရေးလို့ရသေးတဲ့ စာအုပ်ကို ပစ်ပြီး စာအုပ်အသစ်ပြောင်းလိုက်မိတာကို သတိရရုံသက်သက်ပါပဲ..

အလံကြီးကတော့ ဖက်ရှင်ပြောင်းပစ်လိုက်ပြီးနောက် ဘယ့်နှယ်နေတယ်မသိဘူး.. မယ်ပိုးကတော့ အရင်လိုပဲ အရင်တိုင်းပဲ..

စာအုပ်အသစ်တွေ ဘယ်နှစ်အုပ်ပြောင်းပြောင်း လက်ရေးမလှ၊ စာမပြီး၊ အမှားတွေ ဗလပွနဲ့ မင်နီရာတွေ ဖရိုဖရဲ .. အမှတ်တွေလည်း ဒုံရင်းက ဒုံရင်းပဲ.. ဒီတော့ အလံကြီး ဒီဇိုင်းပြောင်းတာနဲ့ ကိုယ်စိတ်မထင်ရင် မထင်သလို ဗလာစာအုပ် ပြောင်းပစ်တာ သိပ်မကွာဘူးလို့ ထင်ပစ်လိုက်ပါလေရော.. 

ဒါနဲ့ အသစ်ပြောင်းတဲ့ ဒီဇိုင်းကြီးကို ကြည့်ရင်း "ဝါစိမ်းနီဆိုတာ မီးပွိုင့်ကို ကိုယ်စားပြုပြီး အလယ်က ကြယ်ဖြူကြီးက မော်တော်ပီကယ်ကို ကိုယ်စားပြုတာ နေမှာ.." ဆိုပြီး ကိုယ့်ဘာသာ ရွှေဥာဏ်တော်စူးရောက်လိုက်မိသေးတယ်.. သူများတွေကိုတော့ ထုတ်မပြောပါဘူး.. လာဖမ်းရင် ဘယ်ချောင်ကပ်ရမှန်းမှ မသိတာကိုး..

နောက်ပိုင်းတော့ ကိုယ်သိပ်သဘောကျတဲ့အလံကလည်း အရင်တုန်းက ကြယ်ခြောက်လုံးနဲ့အလံကို ပြုပြင်မွမ်းမံထားတဲ့အသစ်ဆိုတာ သိလိုက်ရတော့ တင်မိုးလွင်ပြောတဲ့ ဖက်ရှင်ရေစီးကြောင်းဆိုတာလေးပဲ နှလုံးသွင်းပစ်လိုက်တယ်.. ဒါတောင် ငါကြိုက်တဲ့ ပန်းခရမ်းရောင်လေးသာဆိုရင် မဟာအတော်ဆန်မှာလို့ တွေးနေမိသေးတယ်..

ထားပါတော့လေ.. အဲဒီလိုမျိုး အလံကိုသာ ဘယ်လိုပဲ မကြိုက်ကြိုက်.. လှတယ်လို့ မထင်ထင်.. နိုင်ငံတော်အလံဆိုတာ ကိုယ့်နိုင်ငံကို ကိုယ်စားပြုတာမို့ အလေးပြုရတဲ့အခြေအနေမျိုးမှာ လေးလေးစားစား အလေးပြုပါတယ်..

အထူးသဖြင့် ရုပ်ရှင်ရုံမှာပေါ့.. အရင်ကတော့ နိုင်ငံတော်အလံကြီးကိုကလည်း မကြိုက်.. မြင်ရင်လည်း အလေးမပြုဘဲကလည်း မနေချင်တော့ သီချင်းဆိုအပြီးလောက်လေးကို မှန်းပြီး တမင်နောက်ကျပြီးမှ ရုံထဲကို ဝင်ပါတယ်..

နောက်ပိုင်းတော့ ကိုယ့်နိုင်ငံအလံ ကိုယ်မှ မလေးစားရင် သူများကလည်း လေးစားရခက်မှာမို့ ပုံမှန်အတိုင်းပဲ ရုံထဲဝင်ပြီး အစအဆုံး သီချင်းသံ မရပ်မချင်း အလေးပြုပါတယ်..

ဒီနေ့ ရုပ်ရှင်သွားကြည့်တော့ နိုင်ငံတော်သီချင်းဆိုတာကို ထိုင်ရာမထ နေနိုင်တဲ့သူတစ်ယောက်ကို တွေ့ခဲ့ရပါတယ်.. သူ့ဘေးက ကောင်လေးတွေ အားလုံးထပြီး.. အဲဒီ ရှေ့ဆုံးတန်း တစ်တန်းလုံးမှာ ထိုင်နေတာ သူတစ်ယောက်ထဲပါ..

ပိုဆိုးတာက အဲဒီကောင်လေးက လူက အလေးမပြုရုံတင် မကပါဘူး.. ပါးစပ်ကလည်း အလံကြီးကကွာဆိုပြီး သူမနှစ်လိုတဲ့အကြောင်းကို မသိမသာရော သိသိသာသာပါ ပြလေရဲ့.. အသံကတော့ သိပ်မကျယ်ပါဘူး.. ခပ်တိုးတိုးပါပဲ..

သေသေချာချာ လှမ်းကြည့်လိုက်တော့ မောင်မင်းကြီးသားက ခြေနှစ်ချောင်းကိုပါ ရှေ့ခုံပေါ် တစ်တီတူးလို မိုးပေါ်တောင် ထောင်ထားလိုက်ပါသေးတယ်..

အကယ်၍များ အဲဒီချာတိတ်ကို "ကော်နက်ရှင်ကောင်းပြီး ဖုန်းခသက်သာတဲ့.. စာသင်ရင် နိုင်ငံတကာက အသိအမှတ်ပြုပြီး လူနေမှုအဆင့်တန်းမြင့်မားတယ်လို့ အကြမ်းဖျင်းယူဆလို့ရတဲ့ စင်္ကာပူနဲ့ မြန်မာနိုင်ငံကြီးကို မတူစေချင်ဘူးလား" လို့ မေးကြည့်ရင်.. "တူချင်တာပေါ့ဗျ.." ဆိုပြီး ဖြေမယ်လို့ 85% လောက်တော့ ထင်ပါတယ်.. 100% ကတော့ ကိုယ်မှ သူမဟုတ်ဘဲ.. သေချာမသိပါဘူး..

လူတွေကလည်း စင်္ကာပူနဲ့သာ တူချင်တာပါ.. စင်္ကာပူနဲ့ တူချင်တယ်လို့ပြောရင်း လုပ်ချင်တာလုပ်တဲ့အကြောင်းတွေကို မြင်တော့ စိတ်မသက်မသာ အတော်ဖြစ်ရပါတယ်..

အဲဒီကောင်လေးရဲ့ အပြောနဲ့ လုပ်ရပ်ကို စိတ်ထဲမှာ ကသိကအောင့် ဖြစ်သွားတာများ.. ကိုယ့်မောင်သာဆို အတော်လေး ဆူလိုက်မိမှာ သေချာတယ်.. ခုတော့လည်း ဘာမှတော့ လှမ်းမပြောဖြစ်ခဲ့ပါဘူး.. ဒီတိုင်းပဲ မဆိုင်သလို ငြိမ်နေမိခဲ့တယ်..

ဒါပေမယ့် ရုပ်ရှင်ကြည့်နေတဲ့တလျှောက်လုံးရော.. ရုပ်ရှင်ပြီးသွားတဲ့အထိပါ.. အဲဒါကို စိတ်ထဲက ဖျောက်လို့မရပါဘူး.. ခုအိမ်ပြန်ရောက်တဲ့အထိပါ စိတ်ထဲမှာ ဘာကို အပြစ်ရှိလို့ ရှိမှန်း မသိသလို ခံစားရပါတယ်..

တကယ်ဆို မင်း ထသင့်တယ်လောက်တော့ လှမ်းပြောခဲ့သင့်တယ်လို့လည်း ကိုယ့်ဘာသာ တွေးမိတယ်..

ဘာပဲဖြစ်ဖြစ် အဲဒီလိုမျိုး မဆိုင်သလို နေခဲ့မိတာကို တနုံ့နုံ့ မကျေနပ်မိပေမယ့် ထပါလို့ ပြောရင်လည်း စကားများရမယ့်အဖြစ်မျိုးကို မလိုလားတာမို့ လူငယ်တွေကို ကိုယ့်နိုင်ငံတော်အလံကို လေးစားသင့်တဲ့အကြောင်း ဘယ်သူတွေကို ပြောပြခိုင်းရပါ့လို့ တွေးရင်း စိတ်ကသိကအောင့်ဖြစ်ရတာပဲ အဖတ်တင်လေရဲ့.. ဆရာလုပ်ချင်တဲ့စိတ်ဆိုတာကလည်း ဖျောက်ရခက်သားပါလားနော်.. :/

0 comments:

Post a Comment