တစ္ဆေ
ညကြီးမင်းကြီး ၊ ထပြီးထိုင်နေ
မွေ့ရာတွေလည်း ၊ ကြွေမွတွန့်လိပ်
သိပ်စိတ်ညစ်တယ် ၊ သတိပြယ်လွင့်
ခိုတွယ်စရာ ၊ အတည်မကျ။
အပြင်ဘက်မှာ
သစ်ရွက်တွေကြား ၊ ကြယ်လေးငါးပွင့်
စကားပင်အို ၊ ကန်ရေစိုစွတ်
ဟိုမှာလှုပ်လှုပ် ၊ ငုတ်တုတ်လက်ကမ်း
စမ်းလျှောက်သွားနေ ၊ မြက်ခြုံတွေထဲ
တစ္ဆေ ငါကိုယ်တိုင်ပါပဲ။
ခုတင်ခြေရင်း
ဖြည်းနင်းရှပ်ရှပ် ၊ မတ်တတ်ထလိုက်
ခန်းဝကိုလာ ၊ ၀ရန်တာမှာ
သည်မှာတစ်ယောက် ၊ တစ္ဆေ ခြောက်လှန့်
ကြောက်ကြောက်နှင့်ကြည့် ၊ မျက်နှာလှည့်စမ်း
တည့်တည့်လှမ်းမြင် ၊ အော်ငိုချင်မိ
တဆင်တည်းပဲ သူနှင့်ငါ။
မြစ်နက်ထဲမှာ
ငါရေနှစ်မြုပ် ၊ ချမ်းပြီးကုပ်နေ
ကုက္ကိုကိုင်းကြား ၊ ငါနားနေလိုက်
ဘုရားရှေ့မှောက် ၊ ဒူးထောက်ရောက်ပြန်။
မောပန်းလျနှင့်
တစ်ယောက်သောငါ ၊ ငါများစွာမှ
ထလာလွင့်ပါး ၊ မောင့်အနားကို
စကားထွေရာ ၊ ငိုသံပါနှင့်
ဘာမှမကြား ၊ မောင့်အနားမှာ
' ထသွားစို့ဆို ၊ မေ့ကိုအိပ်မက်
မမက်ဘူးလား ' ၊ တစ္ဆေ ဖြားယောင်း
မှုန်မွှားစိတ်ဝယ် အရိပ်ထင်။
ကြည်အေး
ကြည်အေး
( တာရာ ၊ အတွဲ ၃ ၊ အမှတ် ၂၀ ၊ ၁၉၄၉ )







0 comments:
Post a Comment