မိုးက ဇွန်လကုန်၊ ဇူလိုင်လဆန်းလာက်မှာမှ မိုးတွင်းပီသစွာ စရွာတော့သည်။ မိုးနှင့်အတူ တစ်ချက် တစ်ချက် လေပါ ရောတိုက်သည်။ သို့သော် ရန်ကုန်မိုးသည် အရမ်းကြီးတော့ မသည်းပေ။ တစ်နေကုန် ခပ်စွေစွေဖြင့် မတိတ်ဘဲ ရွာသည်သာ များလေသည်။ ဘာပဲဖြစ်ဖြစ် မိုးရွာလျှင် သူမက ပျော်သည်။ သူမအတွက်တော့ မိုးသည် အမှတ်တရများစွာကို ဖန်တီးပေးနိုင်ခဲ့သည်သာ ဖြစ်သည်။
ငယ်ငယ်တုန်းကတော့ မိုးရွာထဲမှာ လျှောက်သွားနေသည့်အတွက် မေမေဆူခြင်းကို သူမ
မကြာခဏခံခဲ့ရဖူးသည်။ သို့သော် ထိုကဲ့သို့ မေမေ၏ ဆူပူခြင်းများကို သူမက
ဘယ်တုန်းကမှ အမှတ်မရှိခဲ့ဖူးပါ။ မိုးရေထဲမှာ အိမ်နီးနားချင်းတွေနဲ့အတူ
ကစားရခြင်းသည် သူမ အနှစ်သက်ဆုံးအရာတစ်ခု ဖြစ်ခဲ့ဖူးသည်။ ဘောလုံးကန်ရင်း
မိုးရေချိုးရင်းနဲ့ပင် မိုးရာသီပေါင်းများစွာကို သူမ ဖြတ်သန်းခဲ့ဖူးပါသည်။
မိုးရေထဲမှာ ကစားရင်း ပြေးရင်း မိုးရေချိုးခဲ့ခြင်းရခြင်းသည် သူမအတွက်တော့
တော်တော်လေး ပျော်ရွှင်စရာ ကောင်းပါသည်။
အရွယ်ရောက်လာပြန်တော့လည်း
မိုးကို သူမ မမုန်းနိုင်သေးပါ။ ဒါပေမယ့် ငယ်ငယ်ကလို မိုးရွာချိန်တွင်
ဆော့ကစားခြင်းမျိုးတော့ မရှိတော့ပေ။ သူမ ဆော့ကစားချင်သေးသည်ဆိုဦးတော့၊
မည်သူကမျှ သူမနှင့်အတူ ဆော့ကစားပေးမှာ မဟုတ်လောက်မှန်း ကြိုသိနေခဲ့တာလဲ
ဖြစ်နိုင်ပါသေးသည်။ သို့သော် သူမအနေနှင့် ငယ်ငယ်ကအကြောင်းတွေကို
တိတ်ဆိတ်စွာ ပြန်သတိရတတ်မိသည်မှအပ ဘယ်လိုမှ မနေခဲ့ပါ။ ဒါကလည်း မိုးရေထဲမှာ
ကစားခြင်းထက် မိုးရွာချိန်မှာ တစ်ယောက်တည်း လမ်းလျှောက်ရခြင်းကို
ပိုနှစ်သက်လာခြင်းကြောင့် ဖြစ်ကောင်းဖြစ်ပါလိမ့်မည်။
မိုးရေထဲမှာ
အထိန်းအကွပ်မဲ့စွာ တစ်ယောက်တည်း လမ်းလျှောက်ရခြင်းသည် သူမကို
ဘာကြောင့်မှန်း မသိလောက်အောင် စိတ်ခံစားမှုများစွာ ပေးစွမ်းနိုင်လေသည်။
ဖြစ်နိုင်တာ တစ်ခုကတော့ သူမငိုနေလျှင်လည်း မိုးစက်ပေါက်များက သူမ၏
မျက်ရည်စက်များကို ဘယ်လိုသောသူမှ မသိရလေအောင် ဖုံးကွယ်ပေးထားနိုင်လို့လည်း
ဖြစ်နိုင်ပါသေးသည်။
တခါတရံမှာတော့ မိုးရွာနေသည်ကို သိရက်နှင့်
ထိုင်ရာမထ ကောင်းကင်ကြီးကို ပျင်းရိပျင်းတွဲ ငေးကြည့်နေတတ်သော သူမသည်
တော်တော်လေး ထူးဆန်းနေတတ်ပါသည်။ မိုးရေစိုနေသော ဆံစလေးများကို လက်နှင့်
ထိုးဖွနေရင်း တစ်ယောက်တည်း စိတ်ကူးယဉ်နေလေ့ရှိသော သူမသည် ထိုအချိန်တွင်
ဘာကိုမှ ဂရုမစိုက်တတ်ပေ။
ဘယ်အချိန်ဖြစ်ဖြစ် မိုးရွာသည်ကို သဘောကျနှစ်ခြိုက်တတ်သော သူမအဖို့တော့ မနက်စောစော မိုးရွာလျှင်
ကော်ဖီတစ်ခွက်နှင့်အတူ နံနက်ခင်းက သူမအတွက် တစ်နေ့တာစာ လုံလောက်သွားပါသည်။
ညဘက်မှာ မိုးရွာလျှင်တော့ ပြတင်းပေါက်လေးကို ဖွင့်ပြီး သူမက
မိုးစက်လေးတွေကို မမီတမီ လှမ်း၍ သူမလက်ဖျားလေးများနှင့် တို့ထိကြည့်တတ်ပါသေးသည်။ မီမည်မဟုတ်မှန်းသိသော်လည်း မိုးရွာချိန်တိုင်းမှာ ခန်းစီးစကို အသာဖယ်ရင်း
ပြတင်းတံခါးမှတဆင့် အပြင်ဘက်မှ မိုးစက်လေးများကို ငြိမ်သက်တိတ်ဆိတ်စွာ ငေးကြည့်နေတတ်သော သူမကို
ထိုအချိန်တွင် နူးညံ့ညင်သာစွာပင် တွေ့ရတတ်ပါသည်။
တစ်ခါတစ်ရံများတွင်တော့ မိုးရာသီမှာ ထီးမဆောင်းဘဲ အေးဆေးစွာ
လမ်းလျှောက်ရင်းဖြင့် တစ်စုံတစ်ယောက်သောသူရဲ့ တစ်စုံတစ်ရာသောအကြောင်းတွေကို
သူမက စဉ်းစားနေတတ်ပါသေးသည်။ သို့သော် ထိုတစ်စုံတစ်ယောက်သောသူသည် သူမနှင့်
မည်သို့မျှ ပတ်သက်ခြင်း မရှိသောသူ ဖြစ်နေတတ်သလို ရံဖန်ရံခါတွင်လည်း သူမအတွက်
ချစ်ခြင်း၊ မုန်းခြင်းလွန်ကဲနေရသော လူတစ်ယောက်လည်း ဖြစ်နေတတ်ပါသေးသည်။
ဘယ်လိုပဲ ဖြစ်ဖြစ် မိုးရာသီထဲမှာ ဖိနပ်မစီး ထီးမဆောင်းဘဲ လျှောက်သွားနေလေ့ရှိသော ထိုကောင်မလေးသည် တချိန်ချိန်မှာတော့ သူမဘေးမှာ လူတစ်ယောက် ရှိနေရန်အတွက် အလိုရှိလာလိမ့်ဦးမည်ဟု ထင်ရပါသည်။
ဘယ်လိုပဲ ဖြစ်ဖြစ် မိုးရာသီထဲမှာ ဖိနပ်မစီး ထီးမဆောင်းဘဲ လျှောက်သွားနေလေ့ရှိသော ထိုကောင်မလေးသည် တချိန်ချိန်မှာတော့ သူမဘေးမှာ လူတစ်ယောက် ရှိနေရန်အတွက် အလိုရှိလာလိမ့်ဦးမည်ဟု ထင်ရပါသည်။
လေဒဏ်၊ မိုးဒဏ်အတွက် ထီးတစ်ချောင်းနဲ့ မလုံလောက်မည့် အတူတူတော့ မိုးရေတွေလည်း စိုချင် စိုပါစေတော့။ သူမကတော့ မိုးရာသီကို ချစ်မြတ်နိုးတမ်းတစွာ ရှိနေဦးမည်သာ ဖြစ်ပါသည်။







0 comments:
Post a Comment