Pages

Thursday, July 4, 2013

တစ္ဆေ

တစ္ဆေ


အိပ်လို့မရ
ညကြီးမင်းကြီး ၊ ထပြီးထိုင်နေ
မွေ့ရာတွေလည်း ၊ ကြွေမွတွန့်လိပ်
သိပ်စိတ်ညစ်တယ် ၊ သတိပြယ်လွင့်
ခိုတွယ်စရာ ၊ အတည်မကျ။

အပြင်ဘက်မှာ
သစ်ရွက်တွေကြား ၊ ကြယ်လေးငါးပွင့်
စကားပင်အို ၊ ကန်ရေစိုစွတ်
ဟိုမှာလှုပ်လှုပ် ၊ ငုတ်တုတ်လက်ကမ်း
စမ်းလျှောက်သွားနေ ၊ မြက်ခြုံတွေထဲ
တစ္ဆေ ငါကိုယ်တိုင်ပါပဲ။

ခုတင်ခြေရင်း
ဖြည်းနင်းရှပ်ရှပ် ၊ မတ်တတ်ထလိုက်
ခန်းဝကိုလာ ၊ ၀ရန်တာမှာ
သည်မှာတစ်ယောက် ၊ တစ္ဆေ ခြောက်လှန့်
ကြောက်ကြောက်နှင့်ကြည့် ၊ မျက်နှာလှည့်စမ်း
တည့်တည့်လှမ်းမြင် ၊ အော်ငိုချင်မိ
တဆင်တည်းပဲ သူနှင့်ငါ။
မြစ်နက်ထဲမှာ
ငါရေနှစ်မြုပ် ၊ ချမ်းပြီးကုပ်နေ
ကုက္ကိုကိုင်းကြား ၊ ငါနားနေလိုက်
ဘုရားရှေ့မှောက် ၊ ဒူးထောက်ရောက်ပြန်။

မောပန်းလျနှင့်
တစ်ယောက်သောငါ ၊ ငါများစွာမှ
ထလာလွင့်ပါး ၊ မောင့်အနားကို
စကားထွေရာ ၊ ငိုသံပါနှင့်
ဘာမှမကြား ၊ မောင့်အနားမှာ
' ထသွားစို့ဆို ၊ မေ့ကိုအိပ်မက်
မမက်ဘူးလား ' ၊ တစ္ဆေ ဖြားယောင်း
မှုန်မွှားစိတ်ဝယ် အရိပ်ထင်။

ကြည်အေး

( တာရာ ၊ အတွဲ ၃ ၊ အမှတ် ၂၀ ၊ ၁၉၄၉ )

သေချင်းဆိုးမလေး

ကြည့်ကြ..။
ဟောဒါ... ငါ့ရဲ့ ချစ်လှစွာသော သေချင်းဆိုးမလေး ဖြစ်ပေရဲ့။ 


ဘဝကို…
ပေါ့ပေါ့ပါးပါးလေး ခံယူလိုက်ပုံများ ….
မြင်လား သူမ တစ်ကိုယ်လုံးတောင်မှ
ပါးပြီး ပေါ့နေတဲ့ပုံ။


(အဲဒီ သေချင်းဆိုးမလေးက)
မျှော်လင့်ချက်ဆိုတာကိုလည်း အယုံအကြည် မရှိပေဘူး။

နောက်ပြီး… သူမက
အရူးနဲ့ နတ်ဘုရားကိုလည်း
အတူတူလို့ သဘောထားတတ်သေး.…..။

အဲဒီသေချင်းဆိုးမလေးပေါ့
ဘဝဟာ…
ဝမ်းနှုတ်ဆေး တစ်ခွက်လောက်တောင်မှ
အာမခံချက် မပေးနိုင်ဘူးလို့ ယူဆ၊

(အဲဒီ သူမက)
လမ်းမှာခဏခဏပြုံးပြတတ်သူကိုလည်း
အာရုံကြောရောဂါ ရနေတယ် လို့ လှောင်တတ်သူ…...။

အဲဒီသေချင်းဆိုးမလေးပေါ့
လောကကြီးရဲ့ အယုအယခံဖို့ရာ
နေရာတစ်နေရာ ရှာရမှာကို ရှက်တယ်။
ကြယ်သရဖူတွေတောင်

ခြေမနဲ့ညှပ်ပီး ကောက်ဆောင်းဖို့ကို
ပျင်းရိတတ်သူ……။

အဲဒီသေချင်းဆိုးမလေးပေါ့
ဈေးပေါပေါ ဆက်ဆံမှုတွေကို ရွံ့ရှာ
မင်္ဂလာ နံနက်ပါ လို့ နှုတ်ဆက်ခံရတာကို မုန်း။
ကိုယ့်မျက်လုံး ကိုယ် တံခါးပိတ်ပြီး
နေပြင့်တဲ့အထိ အိပ်တတ်သူ…....။

အဲဒီ သေချင်းဆိုးမလေးပေါ့
တစ်နေ့ တစ်နေ့ ၂၄ နာရီပြည့်အောင် စောင့်ရတာကို စက်ဆုပ်
ထမင်းနှစ်ခါတောင် စားရတာကို
အလုပ်ရှုပ်တယ်လို့ ထင်တဲ့သူ…….။

အဲဒီ သေချင်းဆိုးမလေးပေါ့
သူမရဲ့ အင်္ကျီလက်ရှည်အဖျားတွေကိုတောင်
အောင်အောင်မြင်မြင် မခေါက်တင်တတ်
ကြောင်ကလေးတစ်ကောင်ကို အဝတ်ပတ်သလို
ဖိုသီဖတ်သီ နေထိုင်
( သူမကိုယ်တိုင်က.. )
ဘဝကို ကြယ်သီးအပြည့်တပ်ပြီး ၀တ်ဆင်ရမှာ
ကျဉ်းကျပ်တယ်လို့ ထင်တဲ့သူ…….

သူမရဲ့ဘဝမှာ...
အချစ် ဆိုတာ ဘယ်ရှိနိုင်မလဲ !!
မြို့ထဲက ပလက်ဖောင်းတွေပေါ်မှာ
လမ်းလျှောက်တဲ့ အခါမျိုးတောင်မှ
မျက်နှာချင်းဆိုင်က လာတဲ့သူတွေကိုရှောင်.. ရှောင် ပေးရတာ
(သူမဘက်က) လိုအပ်တာထက် ပိုကျဆုံး
အတ္တတွေ ဘုန်းနိမ့်ကုန်ပြီလို့ ထင်တဲ့မိန်းမ...

မျက်နှာပေါ် ဆံပင်တွေ ဝဲကျ
အဲဒီ ဖရိုဖရဲမလေးပေါ့...
(သူမက ခေါင်းဖြီးရတာကို အလုပ်ပိုလို့ ထင်တယ်)
“ကမ္ဘာမြေ ဆွဲငင်အားရှိမှတော့
ဆံပင်တွေ အောက်ကိုကျနေတာ
ဘာ မကျေနပ်စရာရှိသလဲ” လို့လည်းမေးရဲ့။

အဲဒီ သေချင်းဆိုးမလေးပေါ့ !!!
"နစ်ရှေး" ရဲ့အတွေးအခေါ်ကျမ်းကို ဆွဲဆုတ်
ပလက်ဖောင်းပေါ်က ဖုန်တွေကို
အဲဒီ စက္ကူနဲ့သုတ်ပြီး ထိုင်တဲ့သူ ...။

"ကျွန်မက ...
ဘယ်သူ့ကိုလက်ဆွဲ နှုတ်ဆက်ရမှာလဲ ?
ဒါမှမဟုတ် ... ဘယ်သူ့ကို အမြီးနှံ့ပြရမှာလဲ ? ... " တဲ့၊ ကဲ !!!
အဲဒီ သေချင်းဆိုးမလေးပေါ့ ...
သူမ က စိတ်အလိုမကျရင်လည်း
"ဆဲ" တက်သေးတယ် ...။

အဲဒီ သေချင်းဆိုးမလေးပေါ့ ...
စိတ်ကူးနဲ့ လွမ်းရတာက
တစ်ကမ္ဘာလုံးကို ထမ်းထားရတာထက်
... ပိုလေးတယ်လို့ ယူဆ၊

တစ်စုံတစ်ယောက်ကို သတိရဖို့
ဘယ်တုန်းကမှ မတက်ကြွခဲ့သူ။

အဲဒီ သေချင်းဆိုးမလေးပေါ့ ...
“သိမ်းဆည်းစရာတွေ များလွန်းနေတဲ့ ဘဝမှာ
ကျွန်မက ... ကိုယ့်ကို ကိုယ်တောင်
သိမ်းမထားချင်တဲ့ ကောင် ...” လို့ပြောခဲ့၊

တကယ့် သေချင်းဆိုးမလေးပေါ့ ...
ဟောဒီမှာ မလှုပ်မယှက်ခေါက်ခွေ
အဲသည်လို နေရုံသက်သက်ကလေး နေ နေလိုက်ပုံက
ဘဝကို အဝတ်ရုပ်တစ်ရုပ်လို ယူဆ
တစ်စုံတစ်ဦးက သူမကို ပစ်ချခဲ့တဲ့ အတိုင်းပါပဲ ...။

သူမက လောကကြီးကို ခါးပြီး
အဲဒီ ခါးသီးတဲ့ အရသာကပဲ
သူမကို ပြန်ခါးတယ် ...
နားလည်ပေးလိုက်ပါ ... လောကကြီးရေ ...
"ဘာများ အရေးကြီးလို့လဲ" ဆိုတဲ့ လှောင်ကြည့်နဲ့
ခင်ဗျားကို ရိသဲ့သဲ့ ပြုံးပြနေတဲ့မိန်းမ ...
သူမကတော့ မတောင်းပန်တတ်တာ သေချာတယ်။
နားသာလည်ပေးလိုက်ပါ ... လောကကြီးရေ ...။

ဒါမှမဟုတ် ... သူမကို ခွင့်လွှတ်ပါ ...
လောကကြီးရေ ...
ဒါမှမဟုတ် ... သူမကို ဦးညွတ်ဂုဏ်ပြုပါ ...
ဒါမှမဟုတ် ... သူမကို တစ်ခုခု ပြစ်ဒဏ်ခတ်ပါ ...
ဒါမှမဟုတ် ...
လောကကြီးရေ ... အဲဒီ သေချင်းဆိုးမကို
ပစ်သာချထားလိုက်ပါ ...

“သူမ” ပေါ့ ...
... ... ...

နတ်ဆိုးတစ်ပါးလည်း ဖြစ်၊
ကောင်းကင်တမန်လည်း ဖြစ်၊
(အဲဒီသေချင်းဆိုးမလေး ကိုမှ)
ငါက ...
လည်ပင်းညှစ်သတ်ချင်လောက်အောင်
ချစ်နေမိခဲ့တာပေါ့ကွယ် ...။

မင်းခိုက်စိုးစံ

ကဗျာဖတ်သူမှ ပေးရန်

ကဗျာဖတ်သူမှ ပေးရန်


သမီး အိပ်မက်လှေကလေးကို သူတို့ဖျက်ဆီးပစ်လို့
အဲဒီ့မြစ်ကို သမီး ပြန်ခမ်းခြောက်ပစ်လိုက်တာ မေမေ ။

နောက် . . . သူ
သမီး မျက်ရည်တွေနဲ့ ငိုတယ် ။

ဘဝဆုံးတယ် ဆိုတာ
သဂြိုင်္လ်စရာတော့ မလိုဘူးပေါ့ ။

သူတို့က အမှန်တရားကို ဝှက်ထားပြီး
ပျော်ရွှင်မှုကို စားသုံးတယ် ။

သမီး တစ်ပွဲလုံး
ဆွဲလှန် ပစ်ခဲ့တယ် ။

သမီး အိပ်မပျော်တုန်း
သူတို့ သမီးအကြောင်း အိပ်မက်ကြတာ မကြိုက်ဘူးမေမေ ။

သမီး ဒဏ်ရာအစစ်ကို

ဟန်ဆောင်သနားကြတာကိုလည်း မုန်းတယ် ။

အဆိုးဆုံးက .. သမီး နှလုံးသားနဲ့
သူ ဆက်ရင်မခုန်ရဘူး မေမေ ။

အချုပ်ခန်းထဲကို လက်ဖက်ထုတ်လေး လာလာကမ်းတာ
အကြင်နာ ဟုတ်လားဟင် မေမေ ?

စိတ်ကို သတ်တဲ့သူတွေအတွက်
ဘာဥပဒေမှ မရှိဘူးလား ?

သမီးက ပစ် သတ် လိုက် တာ ပါ ။
လဲကျသွားတာလဲ သမီးပဲ မေမေ ။

သူဖုန်းပိတ်ပစ်လိုက်တုန်းက
ဆိုတာတော့ မှတ်မိတယ် ။

ဖြောင့်ချက်ပေးဖို့သက်သက်တော့
အသေးစိတ် မှတ်မထားလိုက်မိဘူး ။

ဇာတ်ပို့တစ်ယောက်လို
သူတို့ကို တစ်ကားလုံး အကဲခတ်နေခဲ့တာပါ ။

သမီးအခန်းရောက်ပြီထင်လို့ ၀င်ကလိုက်မိတာ ။
အဲဒီ့မှာ ဇာတ်လမ်းက ပြီးသွားရောတဲ့ ။

သူတို့တော့ ဖက်ငိုကြသေးတယ် ထင်တယ် ။
သမီးက အိမ်ပြန်ပြီး ကဗျာရေးတယ် မေမေ ။

နောက်နေ့ စူပါမန်းကားကြည့်တော့ ငိုလိုက်ရတာ မေမေရယ် ။
သမီး တောင်ပံတွေ ပြန်ထုတ်ပြီး ဝေးဝေးပျံဖို့တော့ သတိရသွားတာပေါ့ ။

စိတ်ငြိမ်ဆေးရောင်စုံတွေက
စိတ်မငြိမ်သက်စရာ ကောင်းလိုက်တာ ။

အိပ်ပစ်ရအောင်တော့
ဘယ်အရာကို မှ စိတ်မချနိုင်သေးဘူး ။

သတ္တိရှိရတာ
သိပ် ကြောက် စ ရာ ကောင်း တယ် မေမေ ။

သမီး အိုင်ကျူကလဲ
ခုံဖိနပ်လောက်တောင် မမြင့်ဘူး ထင်ပါရဲ့ ။

အနုပညာပါ ဆို နေ မှ အတတ်ပညာလို့ လာလာပြောရင်
သမီး သိသမျှတွေ မေ့ပစ် လိုက်မှာနော် ။

ကိုးရီးယားကားတွေကသာ သမီးကို ပြန်ကြည့်မယ်ဆိုရင်
သမီး ကြော်ငြာတွေ ပြန်မထိုးပါဘူး ။

သမီး အချစ်က ရှေးရိုးမဆန်တော့
သားနားမလည်မှာလည်း တစ်ခါတစ်လေ စိုးတယ် ။

တစ်ကယ်တမ်းက အမေ့သမီး ရှုံးပြန်ပြီ ဆိုတာကို
လှည့်ပတ်ပြောနေတာပါ ။

သစ်ပင်တွေရှိရာ ခဏ သွားပါရစေ မေမေ ။
သူတို့တွေ စိမ်းလန်းနေတာ သမီးဖို့ ဖြစ်မယ် ။

အစတုန်းက ပြောထားတဲ့ မြစ်ကိုပဲ

ပြန် ဖြတ် ရ မယ် ။

လှေကလေးကတော့
မရှိကို မရှိခဲ့ ဖူးတာပါ ။

လူတွေက အကြာင်းပြချက်တွေပဲ ရှာတယ်လေ ။

စိတ်ငြိမ်ဆေးတွေ သူတို့ကို ပေးလိုက်ပါ မေမေ ။

အိပ်မပျော်တဲ့ အခါ
အိပ်မက်ဆိုးတွေ မမက်တော့တဲ့ အကြောင်းနဲ့

အိပ်မက်လှလှတွေကို
ငမ်းငမ်းတက် အိပ်မက်စရာ မလိုတော့ကြောင်း

ထပ်လောင်း
နှစ်သိမ့်လိုက်ပါဦး ။

နွားနို့တွေကို ဖန်ဆင်းပေးခဲ့လို့
ဘုရားသခင်နဲ့ နွားမတစ်ချို့ကို ကျေးဇူးတင်ကြောင်း ပြောပေးပါ မေမေ ။

မြက်ခင်းတွေကိုတော့
သမီးကိုယ်တိုင်ပဲ ပြောလိုက်ပါ့မယ် ။

အိပ်တော့ မေမေ ။
အိပ်ဖို့လိုအပ်တယ်လို့ ယုံကြည်တယ်ဆိုရင် ....

ဒါမှမဟုတ်
ရိုးရိုးသားသား အိပ်ချင်တယ်ဆိုရင် ။

ဘာမှ မတွေးနဲ့လို့ပြောတဲ့ ဆရာဝန်
ဘာတွေ တွေးနေပါလိမ့် ?

သူ နွားနို့သောက်ရရဲ့လား ?
ကဗျာ ဖတ်ဖူးသလား ?
ညမွှေးပန်းတွေ ရနံ့ဘယ်အချိန် သိမ်းသလဲ သိလား ?

တော်ပြီ မေမေ ။
သမီး သူ့အကြောင်း မတွေးချင်ဘူး ။

တစ်ကယ်တမ်းက
ငိုချလိုက်လေ လို့ သူသမီးကို ခွင့်ပြုလိုက်ရမှာ ။

ဘွဲ့တစ်ဘွဲ့လောက်နဲ့ ယောင်္ကျားတစ်ယောက်လောက် ထပ်ယူလိုက်ရင်
ဘ၀က လူတန်းစေ့မလား မေမေ ?

စာအုပ်ထူထူ တစ်အုပ်ကိုင်ပြီး
လ္ဘရည်ဆိုင် သွားထိုင်ရင် ရပြီလား ?

" ဂုဏ်သိက္ခာကို ငွေကြေးနဲ့ မလဲဘူး "
" အသက်ကို အရှက်နဲ့ လဲမယ် " ဆိုတဲ့ အလဲအထပ်သမားတွေကို

ကျပ်မပြည့်ဘူးလို့
သမီးထင်တယ် ။

လူဆိုတာ သူများ နားမလည်တာတွေ ပြောလို့ ရပေမယ့်
ကိုယ်တိုင် နားမလည်တာတွေ မပြောရဘူး ။

အဲဒီလို ရင်ခုန်သံ ပုတ်စော်နံနေတဲ့ သူတွေ
သမီး ကဗျာကို မဖတ်ရဘူး ။

အဲဒါ သိပ်အရေးကြီးတယ် ။
သိပ်အရေးကြီးတယ် မေမေ ။

သူများ အတွေးအခေါ်နဲ့ ရူးတာမျိုး

ဘယ်လို နည်းနဲ့မှ ခွင့်မလွှတ်နိုင်ဘူး ။

ကမ္ဘာကြီးလိုပဲ အားလုံးကို မသိချင်ယောင်ဆောင်ပြီး
သမီး စိတ်ရှိလက်ရှိသာ လည်နေလိုက်ချင်တော့တယ် ။


ပြည်သူတွေအတွက် ကိုယ့်ဘ၀ကိုယ် စတေးသွားတဲ့သူတွေထဲမှာ
ဟောဟိုက လက်ပံပွင့်ကြွေတွေနဲ့ သမီးလဲ ပါပါတယ် ။

သမီး
ဆေးသောက်တော့မယ် မေမေ ။

Saw Nandar Khaing

မီးတောက်ရမ်သမ်

 

 

"မီးတောက်ရမ်သမ်"

 

အခုလို..
လှပအေးစက်နေတဲ့ ညမှာပဲ
ငါ... ပျိုးထားတဲ့ မြနှင်းဆီဟာ
ကြယ်တစ်ရာခြံရံပြီး ကြွေကျသွားခဲ့တယ်။

တိမ်လွှာမျဉ်းကောက်တွေကလည်း
ချစ်သူတစ်ယောက်ရဲ့ မီးအိမ်မက်မှာ
ရွှေမျက်ရည်တွေ စိုလက်လာပြီလို့
မှိုင်းညို့နေတဲ့ ကောင်းကင်ကြီးကို
တီးတိုးပြောကြားလိုက်တယ်။

'ချစ်ခြင်းမေတ္တာ' ဟာ
မှော်ဆရရာတစ်ယောက်ရဲ့ နိဂုံးလို
နောက်ဆုံးမှာ
မီးခိုးလုံးများ ဖြစ်သွားရော့မလား... လို့

နှုတ်ခမ်းကိုက်ပြီး.. ငါ စဉ်းစားဖူးတယ်...။

လူငယ်တစ်ယောက်ကိုပြုစားဖို့
အဘယ်နတ်ဘုရားထံ
နင့်လက်တွေ ဖြန့်ကားတောင်းခံခဲ့သလဲ..
ငါ့ရာဇဝင်ခပ်ကျဲကျဲကို
ငရဲမီးထဲ တွန်းချလိုက်ချင်တယ်။

သံယောဇဉ်ဆိုတာ....
အရောဝင်လို့ မကောင်းတဲ့ ခွေးကလေးပါပဲ....။

လောကဓံဦးတုန်းက
အလွန်အကြူးသောက်ခဲ့တဲ့ အရက်တစ်ခွက်
ခုမှ... စံပယ်ရွက်ပေါ် မူးလဲ
အသည်းကွဲတယ်... ဆိုတာ
သီချင်းလေးတွေ တိုးတိုးညည်းရင်းက
ထိရှခဲ့တဲ့... သွေးမဲ့ဒဏ်ရာတစ်ချက်ပါ...။

သိုးကျောင်းသားရဲ့ ခံနိုင်ရည်နဲ့
နတ်ဘီလူးတွေရဲ့ သတိရခြင်းမျိုးက
ငါ့ကို... စီးမိုးထားတယ်...။

စက်ရုပ်ကို ဒူးထောက်ကျစေတဲ့
နင့်ရဲ့... မျက်ဝန်းစိမ်းလဲ့မှာ
ငါ.. ဘယ်လိုမှ မေ့မရတဲ့
မဟာလင်္ကာတစ်ပိုင်းတစ်စ.. ရှိနေလေရဲ့...။

အဲဒီလိုနဲ့ပဲ
ငါ... ပြန်လည်ချည်နှောင်ခဲ့ပါ့မယ်...
ချစ်သော... ဖဲကြိုးဝါကလေးရယ်...။


လျှပ်စစ်မျှင်တန်းလို
ပူလင်းပြင်းထန်လွန်းတဲ့
သူရူးတစ်ယောက်ရဲ့ ပွေ့ဖက်မှုတွေထဲ...
ခု... ရထားတို့ ဥသြဆွဲလိုက်ကြပြီ..
`...ပြီးဆုံးသွားပါပြီ...
...အားလုံး ပြီးဆုံးသွားပါပြီ...´ တဲ့။ 

(၂)
အရှေ့လေတွေ တိုက်တုန်းက
ခါးကုန်းနေတဲ့ ငါတို့ရဲ့ မြရာပင်အိုကြီးဟာ
တုန်ယင်ချည့်နဲ့စွာ ယိမ်းထိုးနေတော့တယ်..။


ကျောင်းတော်ရဲ့စည်းအပြင်
နှောင်းရိပ်တွေတလွင်လွင်နဲ့...
ထင်ယောင်ထင်မှား
လမ်းပေါ်မှာ ငါစဉ်းစားတာ...
နင့်အကြောင်း.. ခေါင်းစဉ်များစွာပါပဲ။


ထိပ်ထားရယ်...
အီဂျစ်ပြက္ခဒိန်ထဲက
မိုးတိမ်တွေရွာမယ့်နေ့
နင်နဲ့ငါ.. ပြန်လည်ဆုံတွေ့ကြရင်...
ဒီအကြောင်းတွေ ပြောပြချင်ပါသေးတယ်...။

ငါက.. ဆပ်ပြာဖူဖောင်းကို ခိုစီးပြီး
မြင်းမိုရ်တောင်ကြီးနဲ့ တိုက်မိမှာ
စိုးရိမ်ရှာသူ မဟုတ်ခဲ့....
ဒါပေမယ့်...
လေပွေလမ်းကြောင်းများမှာ
တုန်ဝါးဖျော့အေး
`သစ္စာ´ကို ပဲ့တင်သံနဲ့ပဲ ပြန်ပေးနိုင်ခဲ့သူ...။

ငါ့ကိုသတ်... ငါ့ရင်ဘတ်ကို ထိုးခွဲဖောက်လှန်ကြည့်
ငါ့လက်သီးထဲမှာ ကျစ်ကျစ်ပါအောင်ဆုပ်ထားတဲ့
သုညတစ်လုံးပဲ ရှိလိမ့်မယ်။

ဝိုင်ယာကြိုးတွေ
`ထောင်း´ခနဲ မီးပွင့်ပြတ်တောက်ပြီး
ရုတ်ခြည်း မှောင်အတိကျသွားတဲ့
`အန္ဓ´တို့ရဲ့အိမ်အိုမှာ..
တေလေပီသစွာ... ငါနေတယ်။

တိတ်ဆိတ်... ပြာလဲ့နေတဲ့ည
ရေတွင်းထဲ ခေါင်းငုံ့ပြီး
`................´ကို ချစ်တယ်... လို့
ဘယ်ဆီဘယ်ဝယ်... ဟစ်အော်တမ်းတရတာ
ဘာကြောင့်ပါလဲ...။

`အုံ့ပုန်းချစ်´ သီချင်းကို
မဆိုချင်ဘဲ ဆိုရတာ
ရွှေရည်စိမ်ထားတဲ့ လက်ပစ်ဗုံးကို
ကိုက်မျိုရသလိုပါပဲ... လို့
အက်ကွဲနေတဲ့ မက်ဒလင်ကြီးက...
ငါ့ကိုပြောပြတယ်။

အဲဒီလိုနဲ့...
မိုးကိုဆန့်မြှောက်ထားတဲ့
မမီနိုင်သောကမ်းလက်တွေဟာ
ဟိုး... တုန်းကလိုပဲ
ငါ့ဆီမှာ... မြေမှုန်တွေ စွန်းထင်းလျက်ပါပဲလေ...။

(၃)
`လူဆိုတာ...
လင်းဝေစိမ်းမြတဲ့ ပန်းညများစွာထက်
သရဲခြောက်ရာ ညတစ်ညကို... ပိုသတိရတတ်တယ်´ ...။

ငါသေသွားခဲ့လိုရှိရင်
ငါ့ရဲ့သင်္ချိုင်းဂူမှာ
ကြက်ခြေခတ်တစ်ခုကိုသာ
မှတ်တိုင်အဖြစ် စိုက်ပေးထားပါ။

တကယ်တော့... အဲဒါဟာ
ငါသိသမျှ လောကဓမ္မကို
အကြွင်းမဲ့ ဖော်ပြသွားခြင်းပဲ ဖြစ်လိမ့်မယ်။

ဟိုးငယ်ငယ်.. ကျောင်းမပြေးတတ်ခင်တုန်းက
ခရေပွင့်ပြထားတဲ့ သင်္ချာတစ်ပုဒ်
ငါ့အပေါ်ခုန်အုပ်ပြီး
မင်နီတွေရဲခနဲ သုတ်သွားဖူးတယ်။

ငါ... သတ္တိကောင်းကင်မှာ... နီလွင်ထစ်ချုန်း
တစ်...
နှစ်...
သုံး...
အနက်ရှိုင်းဆုံး ထိုးကျပစ်လိုက်တယ်။ 

ထူးလှတယ်တော့လည်း မဟုတ်ပါဘူးလေ...
ကြောက်မက်ဖွယ်ရာလူတွေရဲ့
မဟာဘုတ်ဗေဒင်ထဲမှာမှ
ငါကလည်း `အဓိပတိဖွား´ ဖြစ်ချင်ခဲ့တာကိုး ...။

မြောက်လေသွေးတိုင်း မွှေးမြတဲ့မျက်ရည်နံ့တွေ
လူငယ်တစ်ယောက်ရဲ့ လာရာလမ်းမှာ
ခုထက်ထိ သင်းပျံ့ဆွတ်ပေနေတယ်ဆိုတာ
ဘယ်သူကများ.. မျှဝေခံစားခဲ့သလဲ..။

အိမ်အပြန် ညများစွာမှာ
ဘယ်သူ့မှ မပြောချင်တဲ့စကားတွေ ပွေ့ပိုက်
ကိုယ့်ကိုယ်ကို.. `လူမိုက်´လို့ ပြန်ခေါ်ခဲ့ရတယ်...။

၁၉၉၃... ၁၉၉၄...
ငါ့ကဗျာလေးတွေ ဆွေးမြည့်ကြေကွဲ
လမ်းဘေးအုတ်ခုံပေါ် လဲကျနေတယ်..။

နှင်းမြားတစ်လက်ရဲ့ အဆိပ်နဲ့
နိမိတ်မကောင်းတဲ့ပုံပြင်
မမြင်ဘူးသောနေ့များ... ညများ
ပိတောက်ကိုင်းဖျားမှာ... ဝပ်တွားစုရုံး
ငါ့ကို... ချည်ထုံးခဲ့တာ...
(ခု...အချိန်တိုင်အောင်....)
အလင်းစိမ်းတန်းတွေ ရစ်ဖွာလို့...။

(၄)
မြို့ပြင်လမ်းကွေ့က
တွေ့ခဲ့ဖူးတဲ့ ဂျစ်ပစီတွေလို
ဖြစ်ခဲ့သမျှကို
ရယ်ကာမောကာ ပြန်ပြောနိုင်တဲ့ အကျင့်လေး
သွေးအေးအေးနဲ့ ကြိုးစားမွေးနိုင်ခဲ့ပြီ။


. . .  . . .  . . .  . . .
. . .  . . .  . . .  . . . 
. . .  . . .  . . .  . . .
. . .  . . .  . . .  . . .

 

ဘာပဲဖြစ်ဖြစ် ...
ကျောက်ခေတ်၊ ကြေးခေတ်
နျူကလီးယားကင်ဆာ၊ အနာဂတ်ခေတ်
အားလုံးအတွက်
သေချာတဲ့ငါ... ကြေညာချက်ကတော့
နင့်ကိုထာဝရ ချစ်နေမယ်ဆိုတာပါပဲ....။

ထိပ်ထားရယ်...
ဖြစ်နိုင်မယ်ဆိုရင်...
ဂန္တဝင်ပန်းပုရပိုဒ်မှာ...
နန်းသုံးအက္ခရာနဲ့ ခြယ်မှုန်း
နင့်နာမည်လေး စာသုံးလုံးကို
စီရီသီကုံး ပေးချင်တယ်..။

နင့်အပေါ်ထားတဲ့.. ငါ့ရဲ့ချစ်ခြင်းမေတ္တာဟာ
မိုးပေါ်ကို ဦးမော့ပြီး
ဝင်းပစွာ... လင်းမြတုန်ခါနေတဲ့...
ရွှေဝါရောင် မီးတောက်မီးလျှံလိုပါပဲ...။

ကျောင်းရှေ့က စံပယ်ရုံမှာ
ဗီးနပ်စ်ရဲ့ နက္ခတ်တို့ တလက်လက်ပြာဝေမှုန်သင်း
ကျောင်းခန်းတွင်းမှာ...
လမင်းကလေး.. သာခဲ့ဖူးတယ်...။

ချစ်သောကျောင်းသွားဖော်ရဲ့
ပန်းရုပ်လွှာကို မျှော်တွေးရင်း
ဆွေးလျညှိုးခွေ.. ဖြေမပြေသူလေးအတ္ထုပ္ပတ္တိ
မြရာပင်ကြီး သိပါတယ်..။

ကမ္ဘာဦးလူတို့လည်း(ဂူနံရံမှာ)
ငယ်ကျွမ်းမျက်နှာဝေဝါး
ပညာရှိကြီးများရယ်..
ပါဠိစာလုံးတွေနဲ့
ငါ့အပေါ် မဆုံးဖြတ်ပါနဲ့ဦး...။

"ချစ်သူကိုတောင်
ချစ်တယ်လို့ မပြောရဲတဲ့ကောင်...
ရာစုတစ်ထောင်နေရစ်ခဲ့ ...
ထိုသို့ဖြင့် စကားမဲ့စေသတည်း"
မြရာပင်ကြီးရဲ့
ညည်းတွားသဲ့သဲ့ သန်းခေါင်ယံ
ငှက်ဆိုးအုပ်နဲ့အတူ
ရုတ်တရက်လန့်ပျံသွားတယ်...။

ချို့တဲ့သောဘဝ
ဆန္ဒရဲ့မပြေလည်မှု
အနီရောင်မှတ်တမ်းတစ်ခုနဲ့ ချစ်သူ့အတွက်ပန်သစ္စာ
သြော်... ငါ့ကိုလေ
နားလည်ပါ... နားလည်ပါ
နားလည်စမ်းပါ...။

(၅)
အဲဒီနေ့ရက်တွေမှာ
မာန်နတ်ရဲ့ ဘယ်ဘက်လက်က
အနက်ရောင်ကျမ်းချက်တစ်ပိုဒ်ဟာ
ငါ့ကို စီးနင်းတိုက်ခိုက်ဖို့
မြင်းကကြိုးတို့ကို ပြင်လို့ `သ´လို့နေခဲ့ပေါ့...။

ဘာပဲပြောပြော
ရွှေနဲ့စက်ဝယ်လို့မရတဲ့
နောက်ဆုံးကလူရဲ့ အတွေ့အကြုံမှာ
သံမှုန်တွေကပ်ပါနေရဲ့
ငါ... ဘာကိုမှ မကြောက်ခဲ့ဘူး...။

ဟောဒီလောကတောက်လျှောက်
`ကျောက်သင်ပုန်းပေါ်က သုညနဲ့စာရင်
ဗလာစာအုပ်ပေါ်က သုညက မြတ်တယ်´တဲ့
အဲဒီအော်သံကို ငါရယ်နေခဲ့တယ်...။


`မင်းကတော့... ဘာလဲ´လို့
အန္ဓတွေက ၀ိုင်းမေးတော့
၁....၂....၃....၄....၅
ငါ... အကုန်စဉ်းစားတယ်
၆....၇....၈....၉....ဝ
တစ်ခုမှ မဟုတ်ဘူး
ငါ့အတွက် ဂဏန်းမရှိဘူး...။

သွေးနဲ့ယက်တဲ့ ကတ္တီပါစလို
နီလွရှင်းတောက်
ကြောက်ခမန်းလိလိလှပတဲ့
နှလုံးသားက ဂီတာသံစဉ်
နှင်းဆီဝိညာဉ်မှာ တင်တဲ့ကမ္ဗည်း
လကွယ်ညရောက်တိုင်း... ငါ ဂစ်တာတီးနေမယ်...။


ကျဆုံးတော့မယ့် စစ်သူရဲအိုက
ငယ်ဘ၀က ဓါးနဲ့ချစ်သူကို
ပြင်းရှစွာ သတိရလိုက်သလိုမျိုး
နင့်ကိုငါသတိရနေတယ်...။


ထိပ်ထားရေ...
ထိပ်ထားရေ...
ထိပ်ထားရေ...
သစ်ခုတ်သမားတွေမရှိတဲ့ တိုင်းပြည်မှာ
ငါ... လယ်သမားဖြစ်ချင်တယ်
နင်..ဘုရင်မ.. လာမလုပ်ရဘူးနော်။ 


တော်တော်ကြာ
တံစဉ်တစ်လက်ရဲ့ ကျင့်ဝတ်မှာ
သန်လျက်အတွက် ပန်းခူးပေးခွင့်မပါလို့
ရွာဇနပုဒ်ရဲ့ မိုးရေထဲမှာ
ငါ.. တစ်ယောက်တည်း
မျက်ရည်ဝဲနေရပါဦးမယ်...။


ငါကလည်း ခက်တယ်
ကဗျာတစ်ပုဒ်နဲ့
နေမဝင်အင်ပါယာ
ဘယ်ဟာယူမလဲလို့ မေးလာခဲ့ရင်
ဒုတိယအရာကို ငါ... ငြင်းတယ်...။


အဲဒီလိုနဲ့ပဲ
မှောက်ထားတဲ့
ငါ့ရဲ့ကံ့ကော်ရွက်ဖဲချပ်ကလေးတွေ
လောကကြီးကို အမျှဝေရင်း
မြေမျိုခံခဲ့ရတာ...
ကာလများစွာ... ကြာပြီကောလေ...။ 

(၆)
တောင်ညိုမှာ ပြိုတဲ့မိုးတွေ
နင့်မျက်နှာလေးကို တိုးသက်တဲ့အခါ
တောင်ပင်လယ်က ဗေဒါတွေဟာ
ဆောက်တည်ရာမရ ဖြစ်ကုန်ကြတယ်...။

ဟေး... ငါပြောမယ်..
အက်ဆစ်တိမ်ခိုး....တို့
မုတ်သုန်ကို နှိုးပါ...
ဒီလူဆိုးအတွက်လည်း
မိုးကြမ်းတို့ တစ်စက်စက်ရွာပါ...။

`မထိုက်တန်သူဆိုတာ
လွင့်မျောရမှာပါပဲ ....´
ခွဲခွာခြင်းဟာ
ခရမ်းပြာကျည်ဖူးကို
အဆိပ်ချိုတွေ လိမ်းသုတ်
နှလုံးသားတည့်တည့်ဆီ
ချိန်ရွယ်မောင်းဖြုတ်လိုက်တယ်...။

သက်ပြင်းဝေဝေ
ခရေတို့နှင်းစက်ဖားလျား
မျက်ရည်ကိုစားတဲ့
ချောက်ချားဖွယ်ရာ စကားမဲ့ည
ငါဟာ... ထက်ပိုင်းချိုးခံခဲ့ရတဲ့
တစ်ခြမ်းပဲ့ `လ´ပဲဖြစ်တယ်...။

အိမ်မက်ထဲက ကမ္ဘာစစ်လို
အရိုးပြိုင်းပြိုင်းညနေအိုက
မြေကိုရှိခိုး...
မြူခိုးတို့ ပျောင်းအိညွတ်တွဲ
လူငယ်ဘဝရဲ့
ညရိပ်တို့ မှုန်ဝေဝမ်းနည်းခဲ့ရတယ်။

အခင်ဆုံးမဖြစ်ခဲ့ပေမယ့်
အခင်ဆုံးတွေအကြောင်းပြောတိုင်း
သတိရမိနေကျ သူငယ်ချင်းတစ်ယောက်ဆီ
ငါ.. မရောက်.. ရောက်အောင်သွားမယ်...။

ပြီးတော့
ခရိုးခရိုင်.. လက်ဖက်ရည်ဆိုင်လေးမှာ
ကဗျာအကြောင်း စာအကြောင်းတွေပြောရင်း
ကိုယ့်ကိုယ်ကို.. ပြန်လည်ဖန်ဆင်းပစ်မယ်...ကွယ်။

အရက်သမားက
သူတစ်ပါးကိုလွမ်းဆွတ်တာ
ရယ်စရာမဟုတ်ပါဘူး
တစ်ခါတစ်ရံရဲ့
ပြန်မလာတဲ့သူတို့
သိကြဖို့ကောင်းတယ်....။

လေညင်းကလေးရေ...
ငါချစ်မြတ်နိုးရတဲ့ ကမ္ဘာရဲ့ ထိပ်ထားကို
သူ့ဆံနွယ်ခက်လေးတွေ
ဖွားခနဲ လွင့်ဝဲသွားရုံ
တစ်ချက်လောက် အုံ့သည်းတိုက်ခတ်ပေးပါ...။

လေစီးထဲမှာ
ဖွာကြဲလှပနေရှာမယ့်
သူ့ရဲ့ကေသာဆံမြကို
အဝေးကနေ ရှိုက်မွှေးလွမ်းဆွတ်ပါရစေဦး...။

(၇)
အထီးကျန်တောင်ကို အုပ်စိုးဖို့
နတ်ပြည်ကရွာချတဲ့
ငါ့အတွက်... အညတရမိုး..ရေ...
နေပါစေတော့...။

အဲဒီညဟာ
တစ်ခြမ်းပဲ့`လ´က ...
အသက်ပေးပြီး ကာကွယ်ခဲ့ရတဲ့
အလံမလဲမီ..`ည´..ဖြစ်တယ်။

မြက်ရိုင်းက
မိုးကုပ်စက်ဝိုင်းကို နမ်းမရသလိုမျိုး
နေနဲ့လက..
တစ်ယောက်ကိုတစ်ယောက် မပိုင်ဆိုင်နိုင်ကြသလိုမျိုး
ရိုးသားစွာ... တို့ဝေးလိုက်ကြပါစို့။

ချစ်သူကို မြတ်နိုးရုံနဲ့
အရာရာကို လက်ဖြန့်မိုး စောင့်ရှောက်ချင်တဲ့ လူငယ်
ခု... ခြွင်းချက်နဲ့ လက်နက်ချလိုက်ပါတယ်...။

. . .  . . .  . . .  . . .
. . .  . . .  . . .  . . . 
. . .  . . .  . . .  . . .
. . .  . . .  . . .  . . .


တေလေဘဝရဲ့
ပထမဆုရအမှားတွေကို
လွယ်အိတ်ညိုထဲထည့်ပြီး
မီးအိမ်လက်ဆွဲ
ရာဇ၀င်ထဲမှာ ခရီးဆက်ရဦးမယ်။

ထိပ်ထားရေ...
ကချေသည်တို့ရဲ့ တေးတွေနဲ့
ငြိမ်းအေးပျော်ရွှင်... ထာဝရချမ်းမြေ့စေသား
ကောင်းသောမိုးသောက်ချိန်၌လည်း
ငြိမ်သက်တည်ကြည်စေ..
ငါ.. ဆုတောင်းပေးနေမယ်..။

ပန်းခူးရင်း...
သူငယ်ချင်းတွေနဲ့နေရင်း...
စကားပြောရင်း ....
သီချင်းလေးတွေဆိုရင်း...
မင်း... ငါ့ကို မေ့သွားမှာပါ...။
ခုတော့........... သွားတော့နော်....။

ငါ... ချစ်မြတ်ရတဲ့ နေရောင်ခြည်တွေနဲ့ မိန်းမပျိုကို
ဘဝဆိုတဲ့ မာယာနိုင်ငံအိုက
စောင့်ကြိုလို့ နေရော့မယ်....။

သာမည လမ်းခွဲမှာ
ဝမ်းမနည်းသလို ငါတို့ နှုတ်ဆက်
မနက်ဖြန်ခါမှာ....အောင်မြင်ပါစေ
မနက်ဖြန်ခါမှာ....အောင်မြင်ပါစေ...
မနက်ဖြန်ခါတိုင်းမှာ....အောင်မြင်ပါစေ...
ထိပ်ထားရေ....။

တာရာမင်းဝေ

တစ်ဆစ်ချိုးဟာ တစ်ဆစ်ချိုးမဟုတ်ဘူး

 

အသက် ၁၆နှစ်မှာတော့ ဆယ်တန်းဆိုတာကြီးကို "အတိမ်းအစောင်း မခံတဲ့၊ သိပ်ကို ကြီးကျယ်တဲ့ ဘဝတစ်ဆစ်ချိုး" လို့ ခမ်းခမ်းနားနားထင်ခဲ့ဖူးတာ..

ဒါပေမယ့်.. အချိန်တန်လို့ ဘွဲ့ရတဲ့အခါ.. မင်း ဘာဘွဲ့ရလဲပဲ မေးတတ်ကြတယ်..
အချိန်တန်လို့ အလုပ်လုပ်တဲ့အခါ... မင်း ရာထူး ဘာလဲပဲ မေးခံရကြတယ်..

ဆယ်တန်းကို အမှတ်ဘယ်လောက်နဲ့ အောင်လဲဆိုတာ တက္ကသိုလ် ဒုတိယနှစ်လောက်မှာတောင် မမေးတော့ဘူးဆိုတာကို သတိထားမိလာတယ်..

တကယ်တော့..

"အင်အားကြီးမားသူတွေ ရှင်သန်ကျန်ရစ်တာ မဟုတ်ပါဘူး..
ရှင်သန်ကျန်ရစ်တဲ့သူတွေသာ အင်အားကြီးမားတာပါ.. "

ဂုဏ်ထူးများများ၊ အမှတ်ကောင်းကောင်းနဲ့ အင်အားကြီးကြီး မအောင်မြင်ခဲ့ရင်တောင် ဝါသနာပါရာ၊ စိတ်ဝင်စားရာနယ်ပယ်တစ်ခုမှာ အကောင်းဆုံးကြိုးစားရင်း အဆုံးထိ ရှင်သန်ကျန်ရစ်နိုင်ဖို့ အခွင့်အလမ်းတွေ အများကြီးရှိပါသေးတယ်လေ..

မျှော်လင့်သလောက် မဖြစ်ခဲ့ရင်လည်း ဘယ်သူ့ကိုမှ စိတ်မပျက်စေချင်ဘူး.. ^_^

စောင်းသံ

အကယ်၍များ နှစ်ရှည်လများမက်ခဲ့ရတဲ့ အိပ်မက်တွေထဲက တစ်ခုခု ပြောပြပါလို့ မေးလာခဲ့ရင်.. "အဲဒါက စောင်းတီးတတ်ချင်တာပဲ.." လို့ မဆိုင်းမတွဖြေမိမှာ သိပ်သေချာတယ်..

ထိုင်မသိမ်းလေးနဲ့ဖြစ်ဖြစ်.. ချိတ်လုံချည်လေးနဲ့ဖြစ်ဖြစ်.. စောင်းလေးကို ရင်မှာ ပိုက်ပြီး ဆံပင်ကို တစ်ပတ်လျှို ဆံထုံးလေးထုံး.. ပန်းလေး တစ်ပွင့်ပန်.. မြင်လိုက်ရတာနဲ့ စိတ်နှလုံးအေးချမ်းပြီး ယမင်းရုပ်လေးလို ကျက်သရေရှိမယ့် မိန်းမပျိုလေးတစ်ယောက် ဖြစ်ချင်တာ..

ပြီးတော့ အဲဒီပုံလေးကို ဓာတ်ပုံရိုက်၊ ပုံကြီးချဲ့ပြီး အိမ်မှာ မြတ်မြတ်နိုးနိုးချိတ်ထားပြီး တစိမ့်စိမ့် ကြည့်နေချင်တာ.. ဖြစ်နိုင်ရင်တော့ ပုံတူ ဆီဆေးပန်းချီကားကြီးတစ်ချပ်အထိပါ ဆွဲချင်တာ..

အဲဒီစိတ်ကူးကို အိမ်ကိုလည်း မပြောပြဖြစ်ဘူး.. တခြားဘယ်သူ့ကိုမှလည်း မပြောပြဖြစ်ဘူး.. ကိုယ့်ဘာသာတစ်ယောက်ထဲ ကျိတ်ပြီး စိတ်ကူးထားတာ နှစ်တွေအတော်ကြာခဲ့ပြီ..

ဟိုတလောက စောင်းတီးသင်ချင်လိုက်တာ မေမေရယ်ဆိုပြီး မေမေ့ကို ပူဆာမိတော့.. မေမေက သူ့သမီးဆန္ဒကို အသာတကြည်ခွင့်ပြုရှာတယ်.. ပျော်လိုက်တဲ့ ဖြစ်ခြင်း..

ဒီနေ့ကျတော့ ဘာရယ်မဟုတ်ဘဲ စောင်းတီးသင်မယ့်အကြောင်းကို စကားစပ်မိတော့ မမ Marzo Love မှာလည်း အဲဒီအိပ်မက်မျိုး ရှိပါသတဲ့.. တစ်ယောက်ကို တစ်ယောက် မပြောပြဖြစ်ဘဲ.. မက်ထားတဲ့အိပ်မက်တွေက တစ်ပတ်လျှိုဆံထုံးလေးအထိပါ တူနေတော့ အံ့သြလို့တောင် မဆုံးဘူး..

လူချင်းရင်းနှီးတဲ့အခါ စိတ်ချင်းလည်း သိပ်နီးကြတာပဲကိုး.. ဘာပဲဖြစ်ဖြစ် ချစ်ရတဲ့ မမငယ်ရဲ့ အိပ်မက်တွေရော၊ မယ်ပိုး အိပ်မက်တွေရော မြန်မြန်အကောင်အထည်ပေါ်လာနိုင်ပါစေ.. 


Wednesday, July 3, 2013

နိုင်ငံတော်အလံ




မယ်ပိုးတို့ငယ်ငယ်တုန်းက မှတ်မိသလောက်တော့ နိုင်ငံတော်အလံအကြောင်းကို ဒုတိယတန်း မြန်မာဖတ်စာမှာ သင်ရပါတယ်..

အနီရောင်က ရဲရင့်ပြတ်သား.. အပြာရောင်က တည်ကြည်အေးချမ်း.. အဖြူရောင်က သန့်ရှင်းကြည်လင်..

နိုင်ငံတော်ချစ်စိတ် ဘာညာကွိကွထိ ကြီးကျယ်ပြဖို့လောက်ထိတော့ နားမလည်ခဲ့ပေမယ့် အရောင်တွေအကြောင်း သင်ရင်း အရောင်တွေရဲ့ ဖွင့်ဆိုချက်ကို ကလေးပီပီ အထင်တွေ ကြီးမဆုံးအောင် ဖြစ်ပြီး ကိုယ့်နိုင်ငံတော်အလံကို သဘောတွေကျခဲ့ဖူးတယ်..

အဲဒီနောက်တော့ မယ်ပိုးဆယ်တန်းလောက်လည်းရောက်ရော.. အလံ ပြောင်းမယ်လို့လည်း သတင်းသေချာမကြားမိလိုက်ဘဲ သတိထားမိတဲ့အချိန်မှာ အလံက ဗြုန်းစားကြီး ယတြာချေလိုက်သလို ပြောင်းပြီးနေတာကို တအံ့တသြသိလိုက်ရပါတယ်..

အလံကြီး ဒီဇိုင်းပြောင်းသွားပုံကို မြင်တော့.. ဘာမဆိုင် ညာမဆိုင်.. မူလတန်း ကျောင်းသူဘဝကို သွားသတိရတယ်.. အဲဒါကလည်း ဒုတိယတန်း ဖတ်စာကြောင့်တော့ မဟုတ်ပါဘူး.. ကိုယ့်အကြောင်းနဲ့ ကိုယ်ပါ..

ဂျစ်ကန်ကန်၊ ပေကပ်ကပ် ညာဉ်ဆိုးရှိတဲ့ ကျောင်းသူပီပီ.. ရေးလက်စ စာအုပ်က ဆက်မရေးချင်တော့အောင်.. မင်နီရာ ဖရိုဖရဲနဲ့ အပေါက်အပြဲ များလာတဲ့အခါ စာအုပ်အစုတ်ကို ကိုယ့်ဘာသာစိတ်ပျက်လာမိတိုင်း လူကြားကောင်းအောင် စိတ်သစ်လူသစ်နဲ့ စာလုပ်တော့မဟေ့လို့ ကြွေးကျော်ရင်း ရေးလို့ရသေးတဲ့ စာအုပ်ကို ပစ်ပြီး စာအုပ်အသစ်ပြောင်းလိုက်မိတာကို သတိရရုံသက်သက်ပါပဲ..

အလံကြီးကတော့ ဖက်ရှင်ပြောင်းပစ်လိုက်ပြီးနောက် ဘယ့်နှယ်နေတယ်မသိဘူး.. မယ်ပိုးကတော့ အရင်လိုပဲ အရင်တိုင်းပဲ..

စာအုပ်အသစ်တွေ ဘယ်နှစ်အုပ်ပြောင်းပြောင်း လက်ရေးမလှ၊ စာမပြီး၊ အမှားတွေ ဗလပွနဲ့ မင်နီရာတွေ ဖရိုဖရဲ .. အမှတ်တွေလည်း ဒုံရင်းက ဒုံရင်းပဲ.. ဒီတော့ အလံကြီး ဒီဇိုင်းပြောင်းတာနဲ့ ကိုယ်စိတ်မထင်ရင် မထင်သလို ဗလာစာအုပ် ပြောင်းပစ်တာ သိပ်မကွာဘူးလို့ ထင်ပစ်လိုက်ပါလေရော.. 

ဒါနဲ့ အသစ်ပြောင်းတဲ့ ဒီဇိုင်းကြီးကို ကြည့်ရင်း "ဝါစိမ်းနီဆိုတာ မီးပွိုင့်ကို ကိုယ်စားပြုပြီး အလယ်က ကြယ်ဖြူကြီးက မော်တော်ပီကယ်ကို ကိုယ်စားပြုတာ နေမှာ.." ဆိုပြီး ကိုယ့်ဘာသာ ရွှေဥာဏ်တော်စူးရောက်လိုက်မိသေးတယ်.. သူများတွေကိုတော့ ထုတ်မပြောပါဘူး.. လာဖမ်းရင် ဘယ်ချောင်ကပ်ရမှန်းမှ မသိတာကိုး..

နောက်ပိုင်းတော့ ကိုယ်သိပ်သဘောကျတဲ့အလံကလည်း အရင်တုန်းက ကြယ်ခြောက်လုံးနဲ့အလံကို ပြုပြင်မွမ်းမံထားတဲ့အသစ်ဆိုတာ သိလိုက်ရတော့ တင်မိုးလွင်ပြောတဲ့ ဖက်ရှင်ရေစီးကြောင်းဆိုတာလေးပဲ နှလုံးသွင်းပစ်လိုက်တယ်.. ဒါတောင် ငါကြိုက်တဲ့ ပန်းခရမ်းရောင်လေးသာဆိုရင် မဟာအတော်ဆန်မှာလို့ တွေးနေမိသေးတယ်..

ထားပါတော့လေ.. အဲဒီလိုမျိုး အလံကိုသာ ဘယ်လိုပဲ မကြိုက်ကြိုက်.. လှတယ်လို့ မထင်ထင်.. နိုင်ငံတော်အလံဆိုတာ ကိုယ့်နိုင်ငံကို ကိုယ်စားပြုတာမို့ အလေးပြုရတဲ့အခြေအနေမျိုးမှာ လေးလေးစားစား အလေးပြုပါတယ်..

အထူးသဖြင့် ရုပ်ရှင်ရုံမှာပေါ့.. အရင်ကတော့ နိုင်ငံတော်အလံကြီးကိုကလည်း မကြိုက်.. မြင်ရင်လည်း အလေးမပြုဘဲကလည်း မနေချင်တော့ သီချင်းဆိုအပြီးလောက်လေးကို မှန်းပြီး တမင်နောက်ကျပြီးမှ ရုံထဲကို ဝင်ပါတယ်..

နောက်ပိုင်းတော့ ကိုယ့်နိုင်ငံအလံ ကိုယ်မှ မလေးစားရင် သူများကလည်း လေးစားရခက်မှာမို့ ပုံမှန်အတိုင်းပဲ ရုံထဲဝင်ပြီး အစအဆုံး သီချင်းသံ မရပ်မချင်း အလေးပြုပါတယ်..

ဒီနေ့ ရုပ်ရှင်သွားကြည့်တော့ နိုင်ငံတော်သီချင်းဆိုတာကို ထိုင်ရာမထ နေနိုင်တဲ့သူတစ်ယောက်ကို တွေ့ခဲ့ရပါတယ်.. သူ့ဘေးက ကောင်လေးတွေ အားလုံးထပြီး.. အဲဒီ ရှေ့ဆုံးတန်း တစ်တန်းလုံးမှာ ထိုင်နေတာ သူတစ်ယောက်ထဲပါ..

ပိုဆိုးတာက အဲဒီကောင်လေးက လူက အလေးမပြုရုံတင် မကပါဘူး.. ပါးစပ်ကလည်း အလံကြီးကကွာဆိုပြီး သူမနှစ်လိုတဲ့အကြောင်းကို မသိမသာရော သိသိသာသာပါ ပြလေရဲ့.. အသံကတော့ သိပ်မကျယ်ပါဘူး.. ခပ်တိုးတိုးပါပဲ..

သေသေချာချာ လှမ်းကြည့်လိုက်တော့ မောင်မင်းကြီးသားက ခြေနှစ်ချောင်းကိုပါ ရှေ့ခုံပေါ် တစ်တီတူးလို မိုးပေါ်တောင် ထောင်ထားလိုက်ပါသေးတယ်..

အကယ်၍များ အဲဒီချာတိတ်ကို "ကော်နက်ရှင်ကောင်းပြီး ဖုန်းခသက်သာတဲ့.. စာသင်ရင် နိုင်ငံတကာက အသိအမှတ်ပြုပြီး လူနေမှုအဆင့်တန်းမြင့်မားတယ်လို့ အကြမ်းဖျင်းယူဆလို့ရတဲ့ စင်္ကာပူနဲ့ မြန်မာနိုင်ငံကြီးကို မတူစေချင်ဘူးလား" လို့ မေးကြည့်ရင်.. "တူချင်တာပေါ့ဗျ.." ဆိုပြီး ဖြေမယ်လို့ 85% လောက်တော့ ထင်ပါတယ်.. 100% ကတော့ ကိုယ်မှ သူမဟုတ်ဘဲ.. သေချာမသိပါဘူး..

လူတွေကလည်း စင်္ကာပူနဲ့သာ တူချင်တာပါ.. စင်္ကာပူနဲ့ တူချင်တယ်လို့ပြောရင်း လုပ်ချင်တာလုပ်တဲ့အကြောင်းတွေကို မြင်တော့ စိတ်မသက်မသာ အတော်ဖြစ်ရပါတယ်..

အဲဒီကောင်လေးရဲ့ အပြောနဲ့ လုပ်ရပ်ကို စိတ်ထဲမှာ ကသိကအောင့် ဖြစ်သွားတာများ.. ကိုယ့်မောင်သာဆို အတော်လေး ဆူလိုက်မိမှာ သေချာတယ်.. ခုတော့လည်း ဘာမှတော့ လှမ်းမပြောဖြစ်ခဲ့ပါဘူး.. ဒီတိုင်းပဲ မဆိုင်သလို ငြိမ်နေမိခဲ့တယ်..

ဒါပေမယ့် ရုပ်ရှင်ကြည့်နေတဲ့တလျှောက်လုံးရော.. ရုပ်ရှင်ပြီးသွားတဲ့အထိပါ.. အဲဒါကို စိတ်ထဲက ဖျောက်လို့မရပါဘူး.. ခုအိမ်ပြန်ရောက်တဲ့အထိပါ စိတ်ထဲမှာ ဘာကို အပြစ်ရှိလို့ ရှိမှန်း မသိသလို ခံစားရပါတယ်..

တကယ်ဆို မင်း ထသင့်တယ်လောက်တော့ လှမ်းပြောခဲ့သင့်တယ်လို့လည်း ကိုယ့်ဘာသာ တွေးမိတယ်..

ဘာပဲဖြစ်ဖြစ် အဲဒီလိုမျိုး မဆိုင်သလို နေခဲ့မိတာကို တနုံ့နုံ့ မကျေနပ်မိပေမယ့် ထပါလို့ ပြောရင်လည်း စကားများရမယ့်အဖြစ်မျိုးကို မလိုလားတာမို့ လူငယ်တွေကို ကိုယ့်နိုင်ငံတော်အလံကို လေးစားသင့်တဲ့အကြောင်း ဘယ်သူတွေကို ပြောပြခိုင်းရပါ့လို့ တွေးရင်း စိတ်ကသိကအောင့်ဖြစ်ရတာပဲ အဖတ်တင်လေရဲ့.. ဆရာလုပ်ချင်တဲ့စိတ်ဆိုတာကလည်း ဖျောက်ရခက်သားပါလားနော်.. :/